democracy, Democratic transitions, News

မြန်မာကိုယ်စားလှယ်အဖွဲ့ ဒိန်းမတ်နိုင်ငံတွင် စည်ပင်သာယာရွေးကောက်ပွဲများသွားရောက်လေ့လာ

ဥရောပသမဂ္ဂ၏အထောက်အပံ့ဖြင့် လုပ်ဆောင်လျက်ရှိသော ရှေ့သို့မြန်မာအစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်သော  DIPD ၏ပံ့ပိုးကူညီမှုဖြင့်  နိုင်ငံရေးပါတီဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ပါဝင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပသည့် ဒိန်းမတ်နိုင်ငံ၏စည်ပင်သာယာရွေးကောက်ပွဲများ သို့မဟုတ် KV 17 အား ကြည့်ရှုလေ့လာရန်၊ ဒိန်းမတ်နိုင်ငံတွင် ဒေသတွင်းဒီမိုကရေစီစနစ်မည်သို့လုပ်ဆောင်သည်ကိုအနီးကပ်လေ့လာရန်တို့အတွက် ဒိန်းမတ်နိုင်ငံသို့လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။

ကိုယ်စားလှယ်များသည် ဒိန်းမတ်နိုင်ငံ၏ဒေသတွင်းဒီမိုကရေစီရေးရာများဖြစ်သည့် ဒီမိုကရေစီစနစ်နှင့်ရွေးကောက်ပွဲဖြစ်စဉ်များအတွင်း နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ၊ ဒိန်းမတ်နိုင်ငံတွင် လူငယ်နှင့်အမျိုးသမီးများ၏ နိုင်ငံရေးလုပ်ငန်းစဉ်အတွင်းပါဝင်မှုကိုမည်သို့မြှင်တင်ပုံ၊ အားလုံးပါဝင်သောဒေသတွင်းရွေးကောက်ပွဲများအား မည်သို့ကျင်းပပုံ စသည်တို့အား စိတ်အားထက်သန်စွာလေ့လာခဲ့သည်။ ကျောက်မဲမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ မရတနာစိုးဇော်က “နိုင်ငံရေးကိုယ်စားလှယ်လောင်းအမျိုးသမီးငယ်တစ်ဦးဖြစ်ခဲ့တဲ့အတွေ့အကြုံအရ လူငယ်ကိုယ်စားလှယ်လောင်းတွေအသုံးပြုတဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုမဟာဗျူဟာတွေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ဒေသတွင်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍနဲ့ပက်သက်ပြီး သင်ယူရတာကို တကယ်ပဲစိတ်လှုပ်ရှားမိပါတယ်” ဟုပြောကြားသည်။

ကိုယ်စားလှယ် ၁၉ ဦးသည် ဒိန်းမတ်နိုင်ငံတစ်ဝှမ်းလုံးသို့ခရီးဆန့်ကာ ဒေသတွင်းနိုင်ငံရေးလှုပ်ရှားမှုများ၊ မဲပေးခြင်းနှင့် ဒိန်းမတ်နိုင်ငံ၏စည်ပင်သာယာမဲဆန္ဒနယ် ၉၈ ခုအနက် ၇ ခုတွင် ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းကော်မတီဖွဲ့စည်းခြင်း တို့အားစောင့်ကြည့်လေ့လာခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား ရွေးကောက်ပွဲနေ့တွင်တွေ့ရစဉ်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား ရွေးကောက်ပွဲနေ့တွင်တွေ့ရစဉ်။

ဖရက်ဒရစ်ဘာ့ဂ်မြို့ တွင် ကိုယ်စားလှယ်အဖွဲ့သည် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ၊ စည်းရုံးရေးလှုပ်ရှားမှုစေတနာ့ဝန်ထမ်းလူငယ်များနှင့်တွေ့ဆုံပြီး စည်ပင်သာယာရေးကောင်စီအတွက် အပြင်းအထန်ပြိုင်ဆိုင်ကြသည်ကို မျက်မြင်တွေ့ကြုံခဲ့ရသည်။ ရွေးကောက်ပွဲစည်းရုံးရေးလှုပ်ရှားမှုနှင့် ဒေသန္တရအုပ်ချုပ်ရေးအတွင်း နိုင်ငံရေးပါတီများ၏အရေးပါသောအခန်းကဏ္ဍအကြောင်းကို လေ့လာခဲ့သည်အပြင် ဒေသတွင်းရွေးကောက်ပွဲလုပ်ငန်းစဉ်၏ပွင့်လင်းမြင်သာမှုရှိခြင်းအတွက်လည်း အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့အား ဒိန်းမတ်နိုင်ငံ၏တီဗီအစီအစဉ်တစ်ခုတွင် ဖော်ပြခံခဲ့ရသည်ကို  အောက်ပါ လင့်ခ်  မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲအလွန်ဆွေးနွေးခြင်းပြုလုပ်စဉ်တွင် ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင်ပြန်လည်အသုံးချနိုင်မည့် အဓိကတွေ့ရှိချက်အချို့ဖြစ်သည့် ဒေသတွင်းရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ၊ လူငယ်များပါဝင်မှုဆိုင်ရာမဟာဗျူဟာများ၊ အပြုသဘောဆောင်သည့် နိုင်ငံရေးစကားစစ်ထိုးခြင်းအလေ့အထ၊ ပါတီအချင်းချင်းညွန့်ပေါင်းကော်မတီဖွဲ့စည်းခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ အားကောင်းသောကိုယ်စားပြုပါဝင်မှု၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုနည်းလမ်းများ စသည်တို့အား တင်ပြခဲ့သည်။ ရှေ့သို့မြန်မာအစီအစဉ်၏မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် DIPD မှ အဆိုပါအချက်များနှင့်စပ်လျဉ်းကာ ၄င်းတို့၏စည်ပင်သာယာရွေးကောက်ပွဲလုပ်ငန်းဆောင်ရွက်မှုများမှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ DIPD သည် နိုင်ငံရေးပါတီများအတွင်းလူငယ်တို့၏ပါဝင်မှုကိုမြှင့်တင်ခြင်းနှင့် ရွေးကောက်ပွဲနှင့် ဒီမိုကရေးစီရေးရာပါတီစုံစကားဝိုင်းဆွေးနွေးပွဲများအားပံ့ပိုးခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကိုယ်စားလှယ်များသည် ခရီးစဉ်နှင့်ပက်သက်သည့် ၄င်းတို့၏အမြင်နှင့်အတွေ့အကြုံများကို မျှဝေကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဇော်ဝင်းနိုင်က “ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံရေးအလေ့အထဟာ လူငယ်တွေရဲ့ပါဝင်မှုကိုအထောက်အကူပြုထားပါတယ်။ ဒီစနစ်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ပျမ်းမျှအသက်က ၅၀ ဆိုပေမယ့် လူငယ်တွေကို အသက် ၁၈ နှစ်ကနေစတင်ပြီး ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ခွင့်ပေးထားတယ်။ ဒိန်းမတ်မှာဆိုရင် လူထုက ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းပေါ်မူတည်ပြီးမဲပေးတယ်၊ ဒေသဆိုင်ရာကိစ္စရပ်တွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်မယ့်ကိုယ်စားလှယ်လောင်းကို ရွေးကောက်တင်မြှောက်ကြတယ်’’ ဟု ပြောကြားခဲ့သည်။

ထို့အတူ ပအို့အမျိုးသားအဖွဲ့၏လေ့ကျင့်ရေးနှင့်ပညာရေးဥက္ကဌနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးခွန်ဆောင်းရွှေကလည်း “လူငယ်နိုင်ငံရေးအဖွဲ့တွေ ဒေသတွင်းရွေးကောက်ပွဲမှာဘယ်လိုပါဝင်ကြတယ်ဆိုတာနဲ့ ဒိန်းမတ်နိုင်ငံရဲ့ပညာရေးစနစ်မှာ ဒီမိုကရေစီလုပ်ငန်းစဉ်အတွင်းလူငယ်တွေရဲ့ပါဝင်မှုကိုမြှင့်တင်ဖို့ ဘယ်လိုထည့်သွင်း ပြဌာန်းထားတယ်ဆိုတာတွေကို လေ့လာခဲ့ရတယ်။ ပါတီခေါင်းဆောင်တွေနဲ့ လူငယ်စီစဉ်သူတွေကြားမှာတည်ဆောက်ထားတဲ့အပြန်အလှန်လေးစားမှုကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဒါတွေကနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဒေသတွင်းပါတီခေါင်းဆောင်တွေကို အလားတူနည်းလမ်းတွေပြန်လည်အသုံးပြုနိုင်ဖို့ ကျွန်တော်ထောက်ခံအားပေးသွားပါမယ်” ဟု ပြောကြားကာ ၄င်း၏ခရီးစဉ်အတွေ့အကြုံနှင့်ပက်သက်ကာ ဝေမျှခဲ့ပါသည်။

Marcos မှ post-election conference အကြောင်းပြောကြားနေစဉ်။

Marcos မှ post-election conference အကြောင်းပြောကြားနေစဉ်။