democracy, Democratic transitions

မြန်မာနိုင်ငံ၏စည်ပင်သာယာရွေးကောက်ပွဲ (ဒေသန္တရရွေးကောက်ပွဲ) များအားပြုပြင်ပြောင်းလဲခြင်း

ယုံကြည်စိတ်ချရခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ဒီမိုကရေစီနည်းကျခြင်းတို့သည် ရွေးကောက်ပွဲများ၏ အခြေခံစံနှုန်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ တို့အား အောင်မြင်စွာကျင်းပပြီးသည့်နောက် ဒေသန္တရရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ဦးတည်လျက်ရှိသည်။ စည်ပင်သာယာရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ လက်ရှိကျင့်သုံးနေဆဲစနစ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည့်စနစ်ကိုပင် အသုံးပြုနေခြင်းမရှိသေးသည်ဖြစ်ရာ နိုင်ငံတကာစံနှုန်းများမှ ဝေးကွာလျက်ပင်ရှိနေသေးသည်။ ထို့ကြောင့် အဆိုပါရွေးကောက်ပွဲများကို အမျိုးသားအဆင့်ရွေးကောက်ပွဲများ၏စံနှုန်းနှင့်အညီကျင်းပနိုင်ဖို့ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်နေပါသေးသည်။

မကြာသေးမီကစ၍ စည်ပင်သာယာရွေးကောက်ပွဲဥပဒေမူဘောင်ပြုပြင်မှုများပြုလုပ်ရန် ပြင်ဆင်လာကြသည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲများ၏စီမံခန့်ခွဲမှုနည်းလမ်းကိုပြောင်းလဲနိုင်ရန် အခွင့်ကြုံလာပြီဖြစ်သည်။ ဒေသဆိုင်ရာဒီမိုကရေစီစနစ်အားကောင်းလာစေရန်ပံ့ပိုးပေးဖို့ရာ ဥရောပသမဂ္ဂ၏ထောက်ပံ့မှုဖြင့်လုပ်ဆောင်လျက်ရှိသော ရှေ့သို့မြန်မာအစီအစဉ်သည် ဒေသခံ CSOs များနှင့်ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ကျင်းပခဲ့ပါသည်။

 

ရန်ကုန်မြို့တော်ခန်းမ။ (ဓါတ်ပုံ - CNN.com)

ရန်ကုန်မြို့တော်ခန်းမ။ (ဓါတ်ပုံ – CNN.com)

ရန်ကုန်

ရန်ကုန်မြို့တော်တွင် ၁၈ နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်ရှိသည့်စနစ်ဖြင့်ပထမဦးဆုံးအကြိမ်အဖြစ်ပြုလုပ်မည့် စည်ပင်သာယာရွေးကောက်ပွဲကို ယခုနှစ်အတွင်းကျင်းပရန်ပြင်ဆင်လျက်ရှိသည်။ သို့သော်လည်း စည်ပင်သာယာရွေးကောက်ပွဲဆိုင်ရာ မူဘောင်မှာ ကိုလိုခေတ်ကာလမှစ၍ ပြုပြင်ပြောင်းလဲခဲ့ခြင်းမရှိသေးသည်ဖြစ်သောကြောင့် ရှေ့သို့မြန်မာအစီအစဉ်မှ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာမှ စံနမူနာယူဖွယ် လုပ်ထုံးလုပ်နည်းများကိုတင်ပြပေးခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေမူဘောင်ကိုပြောင်းလဲမှုများပြုလုပ်နိုင်စေရန် နည်းပညာပိုင်းအထောက်အကူများပေးခဲ့သည်။

ပြင်ဆင်ထားသည့်ဥပဒေအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးပို့ပြီးသည့်နောက်တွင် ရှေ့သို့မြန်မာအစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဖိတ်ကြားချက်အရ ဒီမိုကရေစီကျသောစည်ပင်သာယာရွေးကောက်ပွဲများဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းကောင်းများနှင့်ပက်သက်၍ ဆွေးနွေးတင်ပြမှုများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သွားရောက်ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးတင်ပြမှု ပြီးသည့်နောက် Danish Institute for Parties and Democracy (DIPD) နှင့် Democracy Reporting International (DRI) အဖွဲ့တို့သည် စည်ပင်သာယာရွေးကောက်ပွဲဥပဒေဆိုင်ရာ CSOs များ ညွန့်ပေါင်းအဖွဲ့နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရန်အတွက် အဓိကအချက်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အသစ်ပြင်ဆင်လိုက်သည့်စည်ပင်သာယာရွေးကောက်ပွဲမူဘောင်ထဲမှ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာအခန်းများ အပေါ် ဆွေးနွေးမှုများပြုလုပ်ကာ မိမိတို့၏ထင်မြင်ယူဆချက်နှင့် အကြံဥာဏ်များကို မျှဝေခဲ့ကြသည့်။ ဆွေးနွေးပွဲမှ ရလဒ်နှင့်အကြံပြုချက်များကိုစုစည်းကာ ဆက်လက်လုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက်  တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့တင်ပြခဲ့သည်။

Multi-Stakeholders Dialogue on the new draft YCDC Law ၏အုပ်စုလိုက်ဓါတ်ပုံ။ (ဓါတ်ပုံ - DIPD)

Multi-Stakeholders Dialogue on the new draft YCDC Law ၏အုပ်စုလိုက်ဓါတ်ပုံ။ (ဓါတ်ပုံ – DIPD)

ရန်ကုန်မြို့တော်တွင် လာမည့်စည်ပင်သာယာရွေးကောက်ပွဲ၌ အိမ်ထောင်ဦးစီးတစ်ဦးကသာမဲပေးသည့်စနစ်အစား အသက် ၁၈ နှစ်ပြည့်ပြီးသူရန်ကုန်မြို့တော်တွင်နေထိုင်သူတိုင်းမဲပေးခွင့်ရှိသည့်စနစ်ကို အစားထိုးအသုံးပြုတော့မည်ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီမွမ်းမံပြင်ဆင်ထားသည့် မဲစာရင်းများကိုလိုအပ်လာပြီဖြစ်သည်။ အဆိုပါကိစ္စရပ်မှာ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဦးစားပေးထည့်သွင်းစဉ်းစားလျက်ရှိသည့်ကိစ္စရပ်ဖြစ်သည်။ ပြည့်စုံတိကျသောမဲစာရင်းများရရှိရန်အတွက် အသုံးပြုနိုင်သည့်စနစ်များ၊ နည်းလမ်းများကိုသိရှိနိုင်ဖို့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် biometrics နည်းပညာကိုအသုံးပြု၍မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းအပါအဝင် နိုင်ငံတကာတွင်အသုံးပြုလျက်ရှိသော လုပ်ထုံးလုပ်နည်းကောင်းများကို လေ့လာလျက်ရှိသည်။ အဆိုပါလေ့လာမှုများကို ပံ့ပိုးကူညီရန်အတွက် ရှေ့သို့မြန်မာအစီအစဉ်၏လုပ်ဆောင်သူ International IDEA အဖွဲ့သည် မိမိတို့၏ရွေးကောက်ပွဲနည်းပညာများဆိုင်ရာ ကျွမ်းကျင်သူ Mr. Peter Wolf ကိုဖိတ်ခေါ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကိုယ်စားလှယ်များနှင့်အတူ ရွေးကောက်ပွဲများတွင် biometrics နည်းပညာကိုအသုံးပြုခြင်းဆိုင်ရာ တစ်ရက်ကြာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲခေါင်းစဉ်များတွင် အသုံးပြုနိုင်သည့်နည်းပညာများအမျိုးမျိုးအကြောင်း၊ ကမ္ဘာနိုင်ငံအသီးသီးတွင် အသုံးပြုနေပုံနှင့် နည်းပညာတစ်ခုချင်းစီ၏အခွင့်အရေးနှင့် စိန်ခေါ်မှုများစသည်တို့ ပါဝင်သည်။ Somaliland တွင် မဲဆန္ဒရှင်များအားမှတ်ပုံတင်ရန် မျက်ကြည်လွှာကို scan ဖတ်သည့်နည်းလမ်းအားအသုံးပြုခဲ့ကြောင်း ဥပမာမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်ခဲ့သည်။

International IDEA အဖွဲ့၏ရွေးကောက်ပွဲနည်းပညာများဆိုင်ရာ ကျွမ်းကျင်သူ Mr. Peter Wolf က biometrics technology ဆိုင်ရာ ရှင်းလင်းချက်များတင်ပြနေစဉ်။ (ဓါတ်ပုံ - International IDEA)

International IDEA အဖွဲ့၏ရွေးကောက်ပွဲနည်းပညာများဆိုင်ရာ ကျွမ်းကျင်သူ Mr. Peter Wolf က biometrics technology ဆိုင်ရာ ရှင်းလင်းချက်များတင်ပြနေစဉ်။ (ဓါတ်ပုံ – International IDEA)

Biometrics နည်းပညာကိုအသုံးပြု၍မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းအား နိုင်ငံအဆင့်မတိုင်မီ ဒေသန္တရအဆင့်တွင်စတင်အသုံးပြုရန်မှာ သမားရိုးကျမဟုတ်သော်လည်း လာမည့်ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် biometrics နည်းပညာကိုအသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံတွင် အဆိုပါနည်းပညာများကိုအသုံးပြုခြင်းအား အစပျိုးနိုင်မည့်အခွင့်အလမ်းဖြစ်ပေါ်လာမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားစဉ်တွင် voter biometrics အား မြန်မာနိုင်ငံတွင်မိတ်ဆက်ခြင်းသည် မဟာဗျူဟာကျသည့် ရေရှည်စီမံကိန်းတစ်ခုဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တော်တစ်ခုတည်းသာမက တစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းမည်ဟုမျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ

နိုင်ငံတစ်ဝှမ်းလုံး၌ကျင်းပရန်စီစဉ်ထားသည့်ဒေသန္တရရွေးကောက်ပွဲများတွင် ခိုင်မာသောဥပဒေမူဘောင်ရှိဖို့ရာ ရှေ့သို့မြန်မာအစီအစဉ်မှ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလနှင့် ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်း DIPD နှင့် DRI အဖွဲ့တို့သည် New Myanmar Foundation နှင့်ပူးပေါင်းကာ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့ (ရှမ်းပြည်နယ်တောင်ပိုင်း)၊ လာရှိုးမြို့ (ရှမ်းပြည်နယ်မြောက်ပိုင်း)နှင့် ကျိုင်းတုံမြို့ (ရှမ်းပြည်နယ်အရှေ့ပိုင်း) တို့တွင် စည်ပင်သာယာရွေးကောက်ပွဲပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသုံးခုကို ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲများသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေနည်းဥပဒေပြုပြင်ပြောင်းလဲရေးအကြံပြုချက်များအပေါ်အခြေခံ၍ ရှမ်းပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးများအတွင်း အတိုက်အခံပါတီများအကြား  ရှမ်းပြည်နယ်စည်ပင်သာယာရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်တိုးမြှင့်ပေးရန် ပံ့ပိုးပေးနိုင်ခဲ့သည်။ ဆွေးနွေးပွဲများအတွင်း နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် CSOs များသည် ရှမ်းပြည်နယ် စည်ပင်သာယာရွေးကောက်ပွဲဥပဒေမူဘောင်နှင့် စည်ပင်သာယာရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လေ့လာနိုင်ခဲ့ကြသည်။ ထို့အတူပင် အဆိုပါဆွေးနွေးပွဲသုံးခုသည် ပါဝင်ပက်သက်သူများအားလုံးအား ရှမ်းပြည်နယ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်ပက်သက်၍ဆွေးနွေးမှုများပြုလုပ်စေနိုင်ခဲ့သည့်အပြင် ပွဲ၏ရလဒ်များအား ပြည်နယ်လွှတ်တော်သို့ပေးပို့တင်ပြကာ ဆွေးနွေးမည်ဖြစ်သည်။

ထို့အတူပင် ရှေ့သို့မြန်မာအစီအစဉ်မှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ပြုလုပ်ခဲ့သည်။ ဤဆွေးနွေးပွဲများသည် တက်ရောက်ပါဝင်သည့် CSOs များ၊ နိုင်ငံရေးပါတီများ၊ ဒေသဆိုင်ရာလွှတ်တော်အမတ်များနှင့် ဒေသဆိုင်ရာစည်ပင်သာယာရေးဌာနမှ ကိုယ်စားလှယ်များအား ဆောင်ရွက်ဆဲဒေသန္တရရွေးကောက်ပွဲဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်စေရန် အစပျိုးပေးနိုင်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၏လက်ရှိအခြေအနေနှင့် ဒီမိုကရေစီကျသော စည်ပင်သာယာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲဖော်ဆောင်ရာတွင်ကြုံရမည့် စိန်ခေါ်မှုများကိုအဓိကထားဆွေးနွေးကာ အနှစ်ချုပ်ဆွေးနွေးချက်များအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသို့ ပေးပို့တင်ပြခဲ့သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပက်သက်၍ ပိုမိုကျယ်ပြန့်ပြည့်စုံသည့်နားလည်သဘောပေါက်မှုရှိစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများက အစိုးရအဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့အစည်းတို့၏ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအပေါ်ဆွေးနွေးချက်များကို တက်ရောက်သူများက စိတ်ပါဝင်စားစွာနားထောင်နေကြစဉ်။ (ဓါတ်ပုံ - DIPD)

ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအပေါ်ဆွေးနွေးချက်များကို တက်ရောက်သူများက စိတ်ပါဝင်စားစွာနားထောင်နေကြစဉ်။ (ဓါတ်ပုံ – DIPD)

ရှေ့သို့မြန်မာအစီအစဉ်မှစီစဉ်ကျင်းပခဲ့သည့် စည်ပင်သာယာရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲများအားလုံးသည် ဥပဒေမူဘောင်ပြောင်းလဲမှုများပြုလုပ်နိုင်စေရန် အထောက်အကူပြုခဲ့သည့်အပြင် သက်ဆိုင်ရာပါဝင်ပက်သက်သူများအား ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်တွင်ပါဝင်နိုင်စေရန် အခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် တက်ရောက်ပါဝင်ခဲ့သည့် ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးချုပ်ဦးနေဝင်းက “အခုလိုနည်းပညာပိုင်းဆိုင်ရာဆွေးနွေးမှုများပြုလုပ်နိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲမျိုး ကချင်ပြည်နယ်မှာလာရောက်ကျင်းပပေးတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဆွေးနွေးပွဲမျိုးက ဒေသဆိုင်ရာစည်ပင်သာယာရွေးကောက်ပွဲဥပဒေကို  ဒီမိုကရေစီစံနှုန်းတွေနဲ့အညီရေးဆွဲတဲ့အခါ အထောက်အပံ့အများကြီးဖြစ်လို့ပါပဲ” ဟု အလုပ်ရုံဆွေးနွေးပွဲအပေါ် မိမိ၏သဘောထားကို မျှဝေခဲ့သည်။

အလားတူပင် ရှမ်းပြည်နယ်တွင်ကျင်းပခဲ့သည့်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ပအို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ကိုယ်စားလှယ်က “အခုလိုတက်ရောက်ပါဝင်လိုက်တဲ့အခါ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုမြင်လာတယ်။ ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအနေနဲ့လည်း နည်းဥပဒေတွေကို ကိုယ်တိုင်ရေးဆွဲလို့ရတယ်ဆိုတာကို သေချာသဘောပေါက်နားလည်သွားတယ်” ဟု အလုပ်ရုံဆွေးနွေးပွဲအတွေ့အကြုံကို ပြောပြခဲ့သည်။

ရှေ့သို့မြန်မာအစီအစဉ်သည် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ CSOs များနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနည်းလမ်းကျသော စည်ပင်သာယာရွေးကောက်ပွဲများအား နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပနိုင်စေရန်အတွက် လိုအပ်သည့် စည်ပင်သာယာရေးဥပဒေမူဘောင်များပြုပြင်ပြောင်းလဲခြင်းနှင့် ရေးဆွဲခြင်းများပြုလုပ်ရာတွင် ပံ့ပိုးကူညီလျက်ရှိပါသည်။