democracy, Democratic transitions, UEC

၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း

မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးသည်မှာ နှစ်နှစ်ကျော်လာပြီဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် လက်ရှိတည်ဆဲလုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ရန်နှင့် ရွေးကောက်ပွဲစီမံခန့်ခွဲသည့်စနစ်ကို ပြောင်းလဲမှုများပြုလုပ်ရမည့်အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည်။ ရှေ့သို့မြန်မာအစီအစဉ်၏လုပ်ဆောင်သူမိတ်ဖက် International IDEA သည် မြန်မာနိုင်ငံ၏ မဲဆွယ်လှုပ်ရှားမှုဆိုင်ရာ ဘဏ္ဍာရေးလမ်းညွှန်ချက်များနှင့် ကြိုတင်မဲပေးခြင်းစည်းမျဉ်းများအား ပြန်လည်သုံးသပ်ရန် ပံ့ပိုးပေးလျက်ရှိပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြီးတန်းရွေးကောက်ပွဲအရာရှိများပါဝင်သည့် လုပ်ငန်းအဖွဲ့နှင့် International IDEA မှ ကျွမ်းကျင်ပညာရှင်များသည် ပါဝင်ပက်သက်သူများစွာ၏ တာဝန်ဝတ္တရားများကိုပြန်လည်သုံးသပ်လျက်ရှိပြီး ၄င်းတို့၏လုပ်ငန်းတာဝန်အသီးသီးရှိ စိန်ခေါ်မှုများနှင့် အခက်အခဲများအား ရှာဖွေဖော်ထုတ်လျက်ရှိသည်။ International IDEA မှ လုပ်ငန်းအဖွဲ့၏အကြံပြုချက်များအပေါ် အစီရင်ခံချက်တစ်ခုတင်ပြမည်ဖြစ်ကာ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် လုပ်ထုံးလုပ်နည်းကောင်းများနှင့်ထပ်တူကျသည့် မူဘောင်တစ်ခုကို အကြံပြုသွားမည်ဖြစ်သည်။

The UEC in workshop on Campaign Finance and Advance voting procedures. (Photo - International IDEA)

Campaign Finance and Advance voting procedures အလုပ်ရုံဆွေးနွေးပွဲတွင်တွေ့ရသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့။ (ဓါတ်ပုံ – International IDEA)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲပေးခြင်းစနစ်ကိုပြန်လည်သုံးသပ်ခြင်းလုပ်ငန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံရုံးရှိ ကြိုတင်မဲပေးခြင်းအား သွားရောက်လေ့လာခဲ့ကြသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ ဖင်လန်နိုင်ငံသားများသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၄င်းတို့ဖင်လန်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် သံရုံးတွင်လာရောက်ကြိုတင်မဲပေးခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ဖင်လန်သံအမတ်ကြီးတို့သည် မဲဆန္ဒရှင်သတ်မှတ်ချက်များနှင့် နိုင်ငံရပ်ခြားမှမဲများအား ဌာနေမဲဆန္ဒနယ်များသို့ ပြန်ပို့သည့်နည်းစနစ်များအပါအဝင် ဖင်လန်နိုင်ငံ၏ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်ပက်သက်ကာ ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက “အခုလိုအတွေ့အကြုံကနေ ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲစနစ်နဲ့ ဖင်လန်နိုင်ငံရဲ့စနစ်ကြားမှာ ဘာတွေကွာခြားလဲဆိုတာ လေ့လာခွင့်ရတယ်။ …… သူတို့နိုင်ငံရဲ့စနစ်ကိုလေ့လာရတာ တကယ်အကျိုးရှိပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ ထိုင်းနိုင်ငံနှင့်အခြားအိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေကြသည့်နိုင်ငံသားများ များစွာရှိနေသည့်ဖြစ်ရာ မြန်မာနိုင်ငံအတွက် နိုင်ငံရပ်ခြားမှမဲပေးခြင်းမှာ အထူးအလေးထားစရာကိစ္စတစ်ခုပင်ဖြစ်ပါသည်။

The UEC witnessing advance voting at the Finnish Embassy. (Photo - International IDEA)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဖင်လန်နိုင်ငံသံရုံးတွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်ကို လေ့လာနေကြစဉ်။ (ဓါတ်ပုံ – International IDEA)

လက်ရှိအချိန်မှာ ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲသို့ရောက်ရှိရန် အနည်းငယ်ဝေးကွာသေးသည်ဖြစ်သော်လည်း ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုနှင့် မဲပေးသည့်နေ့တို့အတွက်စတင်ပြင်ဆင်ရမည့်အချိန်ဖြစ်နေပြီဖြစ်သည်။ ပြင်ဆင်မှုများကိုစတင်ဖို့ရာ International IDEA သည် International Foundation for Electoral Systems (IFES) နှင့်ပူးပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ခရိုင်နှင့်မြို့နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ခွဲများမှ ဥက္ကဌများ၊ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို စီစဉ်ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များ ရှိ ရွေးကောက်ပွဲကော်မရှင်ခွဲများအား ပြန်လည်ဖွဲ့စည်းခဲ့သည်။ ရလဒ်အနေဖြင့် ကော်မရှင်ခွဲများ၏လက်ရှိဥက္ကဌများနှင့် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပက်သက်သည့် အတွေ့အကြုံရှိပြီးသူများပါဝင်သကဲ့သို့ အကျွမ်းတဝင်မရှိသေးသူများလည်းပါဝင်လာသည်။ ဤရွေးကောက်ပွဲဆိုင်ရာသင်တန်းသည် ၄င်းတို့အတွက် နောင်အခါတွင် ရွေးကောက်ပွဲလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်စီစဉ်ပြုလုပ်ခြင်းဖြစ်ပါသည်။

ဧပြီလ ၉ ရက်နှင့် ၁ဝ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် အဆိုပါရွေးကောက်ပွဲဆိုင်ရာသင်တန်းသို့ တာဝန်ရှိသူပေါင်း ၁၅ဝ တက်ရောက်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဖွဲ့စည်းပုံ၊ မဟာဗျူဟာအစီအစဉ်နှင့်အတူ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲစနစ်အား ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းစည်းမျဉ်းများနှင့်တကွ လေ့လာနိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏အဆင့်အသီးသီးတွင် မိမိတို့လုပ်ဆောင်ရမည့်တာဝန်နှင့် ဝတ္တရားများကိုလည်း စိတ်ဝင်စားဖွယ်အုပ်စုလုပ်ငန်းများပြုလုပ်ကာ လေ့လာခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ပါဝင်အားဖြည့်ပေးခဲ့ပြီး ပို့ချမှုများ၊ ဆွေးနွေးမှုများ၊ သရုပ်ပြမှုများနှင့် သရုပ်ပြမဲရုံများပြုလုပ်ကာ လက်တွေ့ဆောင်ရွက်ကြည့်ခြင်းစသည်တို့ ပါဝင်ခဲ့သည်။ဤသင်တန်းမှ ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ရည်မှန်းချက်ဖြစ်သည့် ပို၍ပို၍ကောင်းမွန်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အစပျိုးနိုင်ခဲ့ပါသည်။

ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွင် ပါဝင်အားဖြည့်ပံ့ပိုးသူများက မဲရုံလမ်းညွှန်ချက်များအားကြည့်ရှုနေကြစဉ်။ (ဓါတ်ပုံ - International IDEA)

ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွင် ပါဝင်အားဖြည့်ပံ့ပိုးသူများက မဲရုံလမ်းညွှန်ချက်များအားကြည့်ရှုနေကြစဉ်။ (ဓါတ်ပုံ – International IDEA)